=========================
အရမ်းပြင်းတဲ့ကန်ချက်တွေကို ဘယ်လိုကာကွယ်မလဲ?
*******************************************
ညီမလေးတစ်ယောက်ကမေးပါတယ်… ပုံမှန်ကန်ချက်တွေကို အေးဆေးဖမ်းနိုင်ပေမယ့် အရမ်းပြင်းတဲ့ ကန်ချက်တွေမှာ သေသေချာချာဖမ်းပေမယ့် လက်နဲ့ထိပီး ဂိုးဝင်သွားတာ ဘာကြောင့်လဲ? တဲ့…
ဒီအားနည်းချက်က ဖူဆယ်ဂိုးသမားအများစုနဲ့ ကွင်းကြီးဂိုးသမားတချို့မှာ တွေ့ရတတ်တယ်… ဖူဆယ်မှာဆို အနီးကပ်အပြင်းကန်ချက်တွေ ဖမ်းရတာများတယ်… လေးလံတဲ့ ဘောလုံးတစ်လုံးကို အားစိုက်ကန်ရင် အနီးကပ်ဆို ကွင်းကျယ်ထက် ဖူဆယ်မှာ ပိုပြင်းပါတယ်… ဘောလုံးသွားတဲ့ အရှိန်နဲ့ ကိုယ်ဖမ်းမယ့် ပုံစံ အံဝင်ခွင်ကျမဖြစ်တဲ့အခါ အဲဒီလို ထိပီး အပြင်မထွက်ပဲ ဂိုးထဲ ဝင်သွားတတ်ပါတယ်… လက်လန်သွားတာမျိုး… ဘောလုံးအရှိန်နောက်ကို လက်ပါသွားတာမျိုး…ဒီအားနည်းချက်က ပြင်လို့ ရတယ် … လေ့ကျင့်လို့ရတဲ့ နည်းတွေလည်းရှိပါတယ်…
အဲဒီလို အပြင်းဘောတွေမှာ ဖမ်းပုံဖမ်းနည်းအားနည်းချက်ရှိသူတွေအနေနဲ့ လက်အချောင်းလေးတွေ တစ်ချောင်းစီတိုင်းမှာ Sport Tape လို့ခေါ်တဲ့ အားကစားသမားတွေသုံးတဲ့ Tape သုံးသင့်ပါတယ်… လက်အဆစ်လန်တာ အဆစ်တွေ နာတတ်တဲ့သူတွေအတွက် သုံးကို သုံးသင့်ပါတယ်…
လက်လန်ခြင်းရဲ့ အားနည်းချက်က လက်ချောင်းတွေ မသန်မာတာရယ် ဖမ်းပုံဖမ်းနည်းစနစ်မကျတာရယ်ကြောင့်ပါ… လက်ချောင်းတွေ သန်မာဖို့အတွက်က လေ့ကျင့်ခန်းတွေရှိပါတယ်… အလွယ်ဆုံးကတော့ တစ်လက်မဆိုဒ် သံလုံး/ ဝါးလုံး / ပိုက်လုံး တစ်ခုခုကို လက်ထဲတင်းတင်းဆုပ်ကိုင်လိုက် ပြန်ဖြန့်လိုက်လုပ်ပါ… လက်ချောင်းထိပ်တွေနဲ့ ညှစ်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ… လက်သီးဆုပ်ပီး ဒိုက်ထိုးသလိုမျိုးလေ့ကျင့်ခန်းတွေလည်းလုပ်လို့ရပါတယ်… လေ့ကျင့်မှုစစချင်းတော့ လက်ချောင်းတွေမှာ အဆစ်ကိုက်တာမျိုး … လက်ချောင်းထိပ်နာတာမျိုး… အသားမာတက်တာမျိုးဖြစ်တတ်ပါတယ်… လေးငါးရက်လောက် ဆက်တိုက်လေ့ကျင့်ရင် ပြန်ပျောက်သွားမှာပါ…
ဖမ်းပုံဖမ်းနည်း စနစ်တကျဖြစ်ဖို့အတွက်ကို ပုံတွေမှာ ရှင်းပြပါ့မယ်… တချို့ပုံတွေက ရှာလို့မရလို့ စာနဲ့ပဲ ဖြည့်ပီး ပြောပါ့မယ်…
အပြင်းကန်ချက်တွေကို ကာကွယ်တဲ့အခါ နည်းလမ်းနှစ်ခုပဲ ရှိတယ် … အမိဖမ်းမလား ? ပုတ်ထုတ်မလား ? လျှက်တပြက်အနီးကပ် အကန်ခံရတဲ့အနေအထားတွေဆို Quick Reflexes လို့ခေါ်တဲ့ လျင်မြန်စွာ အလိုအလျောက်တုံ့ပြန်ရတယ်… ဒါကတော့ လေ့ကျင့်သားပြည့်ဝမှု အာရုံစူးစိုက်မှုတော့ လိုပါတယ်… ကျွန်တော်ပြောချင်တာက အမိဖမ်းမယ်ဆိုရင် လက်အယူအဆလေး စနစ်တကျရှိစေချင်တယ်… ဖမ်းတဲ့ပုံစံကတော့ အောက်ဆုံးက နှစ်ပုံမှာ ပြထားပါတယ်… လက်မ နှစ်ချောင်းကို ထိတဲ့ အနေအထားနဲ့ ဖမ်းပါ… တကယ်လို့ လက်မနှစ်ချောင်း အကွာအဝေးကျယ်နေရင် ချော်ပီး ဂိုးသွားနိုင်ပါတယ်… တကယ်လို့ ပုတ်ထုတ်မယ်ဆိုရင်လည်း ဘောလုံးကို ထိရုံလေး ပုတ်မထုတ်ပါနဲ့ … ဆောင်းပါးရဲ့ နောက်ဆုံးပုံ (ဘောလုံးပုံ) မှာ လေးထောင့်ကွက်နေရာလေးကို ပုတ်မယ့်လက်နဲ့ တိတိကျကျပုတ်ထုတ်ပါ… ဘောလုံးရဲ့ အလယ်တည့်တည့်ကို ပုတ်တာက လုံးဝမဂိုးနိုင်တဲ့ နည်းပါ (ပင်နယ်တီမှာပဲ ကောင်းပါတယ် In play မှာပုတ်ရင် ထပ်ကန်ခံရနိုင်တယ်)… နောက်တစ်ဆင့်အနေနဲ့ အပေါ်ကို ပုတ်ထုတ်မယ်ဆို ဘောလုံးရဲ့ အလယ်ကနေ အောက်နားနည်းနည်းဆင်းပုတ်ပါ… ဒါဆို အပေါ်ထောင်သွားမယ်… ညာဖက်ကိုပုတ်ထုတ်ချင်တယ်ဆို ဘောလုံးဘယ်ဖက်ဘေးကို ပုတ်ပါ… ဒါက လေ့ကျင့်ရမယ့် နည်းလမ်းပါ… ပုတ်တဲ့အခါ ဘောလုံးမှာ ထိချက်မှန်မှ မဂိုးမှာပါ… ထိချက်မမှန်ပဲ လွဲတာနဲ့ ချော်ပီး ထွက်သွားနိုင်ပါတယ်… အရေးကြီးတာတစ်ခုက ဖမ်းမယ့် ပုတ်မယ့် လက်ဟာ လက်ဝါးထောင်ထားသလို ပြန့်ပြန့်ကြီး မလုပ်ပါနဲ့ … လက်သီးစုပ်ကို ဖြည်သလိုမျိုး နည်းနည်းကွေးထားပါ… ဒါမှ ကန်တဲ့ အရှိန်ကို ခုခံနိုင်မှာပါ… ပြန့်ပြန့်ကြီး ခံထားရင် ကစ်ပြင်းရင် လက်ပါ ဘောလုံးနဲ့ ပါသွားပီး ချော်ထွက်သွားနိုင်ပါတယ်…
ဘယ်လိုလေ့ကျင့်ရမလဲဆိုတော့ တစ်ယောက်တည်း အဖော်မရှိရင် နံရံတစ်ခု ဒါမှမဟုတ် ဒီပုံထဲမှာပါတဲ့ လေ့ကျင့်ရေးပစ္စည်း ( တန်ပြန်အောင် သားရေကြိုတွေနဲ့ လုပ်လည်းရပါတယ်) လိုအပ်ပါတယ်… နံရံရှိတယ်ဆိုရင် ၁၅ ပေအကွာလောက်ကနေ နံရံကို ဘောလုံးနဲ့ ပစ်ပီး ပြန်ဖမ်းပါ… ပိုပြင်းချင်ရင် အကွာအဝေး ထပ်လျှော့ပီး အားပိုစိုက်ပစ်ပါ… လေ့ကျင့်ရေးပစ္စည်းရှိရင်တော့ အကောင်းဆုံးပါပဲ … Sprint ပြန်လာတဲ့ ဘောလုံးလမ်းကြောင်း မှန်းရခက်တော့ ပိုကောင်းပါတယ်… တကယ်လို့ လေ့ကျင့်ဖော်ရှိတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ … သူလည်း Kick power တက်မယ်… ကိုယ်လည်း အဆင်ပြေမယ်… ကန်ပေးမယ့်ရှိရင်တော့ အင်္ဂလန်အသင်းရဲ့ Goal keeper training video လေးပါ တွဲတင်ပေးထားပါတယ်…
ဒီပုံလေးကတော့ ဖမ်းတဲ့အခါ ဘောလုံးရဲ့ ထိချက်ကိုပြထားတာပါ…အဝိုင်းနှစ်ခုက လက်နှစ်ဖက်နေရာပေါ့… ဘောလုံးကို ဖမ်းတဲ့အခါ ဂိုးဖက်ကနေ လက်ကိုထားပီးဖမ်းပါ… အပေါ်တစ်ဖက် အောက်တစ်ဖက် ဒါမှမဟုတ် ဘေးကနေ နှစ်ဖက် ညှပ်ဖမ်းတာမျိုး မလုပ်ပါနဲ့… ဂိုးဖက်ကနေ လက်မနှစ်ချောင်းထိတဲ့ပုံစံ (အပေါ်ပုံမှာ ပြထားတဲ့အတိုင်း) နဲ့ ဖမ်းပါ… လေးထောင့်အကွက်ကတော့ ပုတ်ထုတ်ရမယ့်နေရာပါ… ပွဲပီး ပင်နယ်တီတွေလို မဂိုးရင်ပီးရောဆို ဘောလုံးရဲ့ အလယ်တည့်တည့်ကိုပဲ ထိချက်ထား ပုတ်ထုတ်ပါ… ကစားချိန်အတွင်း အကန်ခံရတာဆိုရင် ညာဖက်ကို ပုတ်ထုတ်ချင်ရင် ဘောလုံးရဲ့ အလယ်တည့်တည့်ကနေ ဘယ်ဖက်ကို နည်းနည်းတိုးပီး ထိချက်ထားပုတ်ပါ… အပေါ်ကို ပုတ်ထုတ်ချင်တယ်ဆို ဘောလုံးရဲ့ အလယ်တည့်တည့်ကနေ အောက်ကို နည်းနည်းဆင်းပီး ထိချက်ထား ပုတ်ပါ…
ကစ်အပြင်းတွေဖမ်းရင် ချော်ထွက်ပီး ဂိုးရခြင်းရဲ့ အကြောင်းအရင်းတွေကတော့ ဘောလုံးထိချက်မမှန်တာရယ် ဖမ်းတဲ့လက်ပုံစံမကျတာရယ်ကြောင့်ပါပဲ… ဒါတွေကို ဂရုတစိုက်ပြင်ပီး လေ့ကျင့်လိုက်ရင် အဆင်ပြေသွားမှာပါ…
အင်္ဂလန်အသင်းရဲ့ Goal Keeper Training လေးပါ… အာရုံစူးစိုက်မှု နဲ့ မျက်စိလျင်အောင်အပြင် movement ပါကောင်းပါတယ်… Pro Training တွေအတိုင်း လေ့ကျင့်နိုင်ရင်တော့ အကောင်းဆုံးပါပဲ…
#JD
Soccer Guides Page